သူနဲ့ သူ့အကြောင်း  

Posted by: ninesixnine in

မတွေ့ရတာ တစ်နှစ်ရှိသွားပြီ။
လူချင်းတွေ့ကာမှ ပြောမယ်ဆိုတဲ့စကားတွေက စွန့်နေတယ်။
တွေ့တယ်ဆိုရင်ပဲ ချွေးတွေကပြန်လို့
ကိုယ့်စိတ်ကို ဆန်းစစ်ကြည့်မိပြန်တော့ ပုံမှန်မဟုတ်သေးဘူး
ဘယ်လိုဖြစ်မှန်းမသိတဲ့ စိတ်ကို ဘယ်လိုမှ ဘာသာပြန်လို့မရဘူး
ဘာမှမလုပ်ချင်ရင် ဘာမှမဟုတ်သေးဘူး
နိုင်းစစ် မင်းအများကြီးကြိုးစားရအုံးမယ်

ဘယ်သူတွေ ဘာပဲပြောပြော
ကိုယ့်စိတ်ထဲမှာ ရှိတာ လုပ်နေရတာကိုပျော်တယ်။
သူနဲ့ ပတ်သက်မှုရှိနေတဲ့ သူတွေကိုမုန်းကြည့်မိတယ်
လစ်လပ်နေတဲ့ စိတ်အိမ်ထဲမှာ သူကအမှန်တရား
စိုက်ပျိုးသူမရှိတဲ့ အမည်မသိ အိပ်မက်လေးကိုပဲ လွမ်းတယ်
တမ်းတမ်းတတကို လွမ်းမိတယ်။

ပြန်လာခဲ့မယ်
အရင်လိုမဟုတ်တော့မှန်းသိပေမယ့်
မေ့လို့မရတာ ခက်တယ်။

သင်္ခါရ အကျဉ်းသား  

Posted by: ninesixnine


 (၁)
မြင်မြင်သမျှ သင်္ခါရဆိုတာလား
သိသားပဲ နားထားလိုက်တော့လို့ မပြောရက် ပြောရက်။
ကြင်နာခဲ့သမျှ  နာခဲ့မှန်းသိရင် 
မချစ်ခဲ့ပါဘူး ငါ့ခန္ဓာကိုပြောတာပါ။
သူစိမ်းလို နေခဲ့ရအောင်လည်း
ဘယ်သူက ဘယ်ကလာမှန်းမသိ
ငါ့ကိုယ်ငါ အနေခက်အောင်လုပ်ခဲ့တာ ငါမဟုတ်ဘူး
ငါ့ရဲ့ စိတ်ထဲက မသိစိတ်။


(၂)
ဖတ်ခဲ့ဖူးတဲ့ စာတစ်အုပ်ကြောင့် 
ငါ့ကိုငါ ဘာလို့ဒီလောက်ပြောင်းလဲသွားရတာလဲ။
ကြားခဲ့ဖူးတဲ့ စကားတစ်ခွန်းကြောင့်
ငါဟာ ဘာလို့ဒီလောက်ထိ ရင်သီးခဲ့တာလဲ။
ချစ်ခဲ့ဖူးတဲ့ စိတ်ကြောင့် 
ဒီထက်ပိုပြီးတော့ ခံနိုင်ရည်မရှိတော့တာသေချာတယ်။
ငါ့ကိုယ်ငါ ထုဆစ်ကြည့်မိတယ်
ငါ့ခန္ဓာကိုယ်အတွက် သရုပ်ခွဲကြည့်မိတယ်
ငါ့စိတ်ကို ငါ ဖွင့်ဆိုကြည့်မိတယ်
ငါ့အနာကိုငါ ဆေးကုကြည့်မိတယ်
အဲသလိုမျိုး ကောက်ချက်အချ မြန်ခဲ့လို့ 
ဒုက္ခရောက်ခဲ့ပေါင်း မနဲတော့ဘူး။

(၃)
သေချာပါတယ် ငါ့အတွက်တော့ 
ငါဟာ .......................
မင်းအတွက်တော့ 
ငါဟာ...........................
သင်္ခါရ အကျဉ်းသားတစ်ယောက်။
 (တစ်ယောက်ကိုပဲ  ပြောပြချင်ပါတယ် ။)

ညီမကို ပြောပြမည့် တောင်ပေါ်မြေ  

Posted by: ninesixnine in

(၁)
ညီမကို ဘယ်လို စ ပြောရပါ့.....။သံသယဝင်နေတာ မဟုတ်ကြောင်းဦးစွာအနေနဲ့ ပြောချင်တယ်။တစ်နှစ် ဆိုတာသိပ်မကြာပေမယ့် အချိန်မလောက်ငှသူတွေအတွက် ၊ ဒါမှ မဟုတ် သိပ်ပြီးအလိုမပြည့်သူတွေ အတွက်ဆိုပြန်ရင်လည်း ကြာရှည်လွန်းပါတယ်။နားထဲမှာ ချော့သိပ်တက်တဲ့အမေ့ရဲ့တေးသံများ ယနေ့တိုင် ဒီအချိန်ထိစီးဝင်နေဆဲပါ။တစ်ချို့က လူမဖြစ်ချင်တော့ဘူးတဲ့။တစ်ချို့ကြပြန်တော့လည်း 
လူအဖြစ်က ပျော်စရာကောင်းလိုက်တာတဲ့ တကယ်ကို တက်မက်ခုံမင်စွာပါပဲ။တစ်ချို့ကတော့ ဘာမှ မဖြစ်ချင်တော့ဘူးဆိုပဲ။ကျုပ်ရဲ့မနက်ဖန် အမေရှိတယ်ဆိုရင် ဘာပဲဖြစ်ဖြစ်ကျုပ်ကြေနပ်တယ်။ညီမလေးကို ကျုပ်ဘယ်လိုပြောရပါ့......။
ဘဝဆိုတာ တကယ်အဆင်ပြေတဲ့သူတွေ ကြည့်ပြန်တော့ နေချင်စရာ။အဆင်မပြေတဲ့သူတွေ ကြည့်ပြန်တော့လည်း ကိုယ့်ကိုကိုယ်သတ်သေတဲ့လူတွေ ဒီနေ့ပိုများလာတယ်။အဖန် ငါးရာ ငါးကမ္ဘာဆိုတာ တရားသလား မတရားသလား မတွေးဖြစ်ခဲ့ဘူး။ညီမလေး........ရေ......
တောင်ပေါ်မြေမှာ အင်တာနက်မရှိဘူး။အထင်ကြီးမှုတွေလည်း ဝေးတယ်။ကောက်ကြစ်မှုတွေ အတော်လေး ရှာပြီးယူရတယ်။ဘာမဆိုဖြစ်လာနိုင်တယ်။ဘာမဆို ပျက်သွားနိုင်တယ်။အချိန်မရွေး ပြောင်းလဲနိုင်တယ်ဆိုတာ သိနေမှတော့ ညီမလေး ရယ်ကိုယ်တို့တွေ ပျားသကာလိုချိုမြလွန်းတဲ့ နေ့ရက်များကိုယ်တို့အပါးမှာ မရှိသည့်တိုင်အောင် ခါးသက်သက်နေ့ရက်တွေအတွက်လည်း ထည့်တွက်ထားရမယ်မဟုတ်လား။စိတ်ထဲက ခံစားချက်ကို ဖန်တီးယူလို့မရပါဘူး။အစီတကျ လုပ်ခဲ့ရင် မှားပြီး လွဲချော်တက်ပြန်တယ်။ဒီလောက် ဖျော်ဖြေရေးများလွန်းတဲ့ခေတ်မှာ စိတ်ဓါတ်ကျပြီး သေတဲ့သူဟာ အမိုက်ဆုံးလူသားတစ်ယောက်လို့ပြောရင် လွန်မယ်ထင်တယ်။အာရုံတွေ ပေါများလွန်း နေတော့ စိတ်ရဲ့ထွက်ပေါက်ဆိုတဲ့ ပညတ်သဘောတရားတွေအတွက် ဗျာများရပြန်တယ်။လိမ်ငြာမှုတွေ များတယ်တဲ့။တစ်ယောက်ကိုတစ်ယောက် မနာလိုမှုတွေများတယ် တဲ့။အပြိုင်အဆိုင်တွေက ဒု နဲ့ ဒေး ဆိုပဲ။ကိုယ့်ရဲ့ အောင်မြင်မှုအတွက် အခြားသူတွေရဲ့ မျက်ခုံးမွှေးများပေါ် စင်္ကြန်လျှောက်ခြင်းက ဒီနေ့မှာ မထူးဆန်းတော့ဘူး။ရိုသားမှုဆိုတာ စာမျက်နှာတွေပေါ်မှာရှိတော့တယ်လို့လဲ ဆိုကြပြန်တယ်။သီတင်းလေးတစ်ခု ရဖို့အရေး အရင်က လှည်းတွေ လှေတွေနဲ့ သွားခဲ့ကြတာ ဒီနေ့မှာတော့ ခလုပ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ လိုချင်တဲ့ အချက်အလက်များက လိုအပ်တာထက် ပိုပြီးစောင့်ကြိုနေကြပြီ။တိုးတက်တာလား ဆုတ်ယုတ်တာလားကိုယ်တို့ မစဉ်းစားဘဲနေကြရအောင်ကွာ နော်.......။ညီမကို ပြောပြမယ့် တောင်ပေါ်ညတွေကကြမ်းတမ်းလွန်းတယ် ညီမလေး ရယ်။ကိုယ်တိုင်က ဒုက္ခကို စားသောက်ကုန်အဖြစ်နဲ့ လက်ခံပြီးစားသုံးနေခဲ့တော့ ညီမလေး ငိုမှာစိုးမိတာ အမှန်ပါ။ဘာမှမရှိတော့တဲ့ စိတ်ထဲမှာ ပြည့်နေပြီ။အားလုံးပြည့်စုံနေတဲ့ နေရာတွေမှာ လိုအပ်ချက်တွေ က များနေပြီ။ပညာရှင်တွေက ချမ်းသာတဲ့သူတွေက သူများတွေအတွက် ကောင်းစားရေး ပြည့်စုံရေး အဆင့်မှီမှီနေထိုင်နိုင်ရေး လုပ်နေချိန်မှာ ဆင်းရဲသူတွေက ငါဆိုတဲ့ အတ္တကို ဗဟိုရ်ပြု မျိုးဆက်များစွာမှာ အရောင်မျိုးစုံပေကျံနေလိုက်တာ။လောကရဲ့ ဖြစ်စဉ်ကိုယ်တိုင်ကပဲ ဒီတိုင်းလာတာလား။ဒါမှမဟုတ် ဖြစ်စဉ်အလိုက်ဖြစ်နေတဲ့ လောကကိုယ်တိုင်ကပဲ လိုက်လျောညီထွေဖြစ်နေတာလား။အကိုယ်လည်းမစဉ်း စားတက်တော့ဘူး။ညီမလေး လည်း စဉ်းစားမနေနဲ့။သဘာဝတရားက သန့်ရှင်းလက်ဆက်လွန်းတော့ အဲဒီ သဘာဝတရားကိုပဲ တစ်ဝကြီးစားသောက်ပြီး လူသားတွေအတွက် အကျိုးပြုလုပ်ငန်းဖြစ်ဖြစ်၊ စကားလေး တစ်ခွန်းလောက်ဖြစ်ဖြစ် ၊ ဒါမှမဟုတ် စိတ်ကူးလေးတစ်ချက်လောက် အနဲဆုံး တော့ လုပ်ကြည့်ကြမယ်လေ။ဘာမဆို ဖြစ်နိုင်လို့ ပါ။ညီမကို ပြောပြမည့် တောင်ပေါ်မြေက မရောက်သေးဘူးနော် ကြိုပြောထားမယ်။

သူမဟုတ်တဲ့နေ့  

Posted by: ninesixnine in

 
(၁) 
 အဲဒီနေ့က သူမလာဘူး။ဘာကြောင့်လည်း ကျုပ်မသိချင်ဘူး။သူလာသည်ဖြစ်စေ မလာသည်ဖြစ်စေ သူဟာသူပဲဖြစ်တယ်။ကျုပ်အတွက်ပြောတာပါ။သူဆိုတာ သူများမဖြစ်နိုင်ဘူး။ဒါက ကျုပ်အတွက် ပြောတာပါ။သူနဲ့ ကျုပ်တို့ရဲ့ နားလည်မှုကြားဆိုတာ သူနဲ့ ကျုပ်က လွဲလို့ ဘယ်သူသိနိုင်မလဲ ဒါဟာအရေးင်္ကြီးတယ်ဗျ။အဲလိုမျိုး ကျုပ်က ပြောလိုက်ရင် သူတစ်မျိုးဖြစ်နေမလားဆိုတာ ကျုပ်စဉ်းစားမိတာပါ။ကျုပ်ဝန်ခံခဲ့ပါတယ်။မချစ်တက်တဲ့သူဆိုတာကိုတကယ်ပါ။ဟုတ်တယ်ဗျ။
ကျုပ်ကတော့ အချစ်ဆိုတာကို တကယ်ယုံခဲ့တာ ခုတော့ဗျာ ကြည့်ပါအုံး။ရှက်လိုက်တာ။ဟုတ်တယ်ဗျ
တကယ်ပြောတာ။ကျုပ်ကို ကျုပ် တဏှာအချစ်ဆိုတာ ဘယ်လိုဘာသာပြန်ရမှန်းတောင်မသိဘူး။
ဒါပေသိ ..........ခုတော့ ကျုပ်နည်းလည်လိုက်ပါတယ်။ကျုပ်လည်းသူ့ကိုနားလည်အောင်ပြောပြရမယ်။
ကျုပ်ဘာကိုပြောပြရမှာလဲဆိုတာ  ကျုပ်ကို ကျုပ် မသိဘူး။ဒီတော့ ဘာမှ မပြောတော့ဘူး။ ကျုပ်သူ့ကို ချစ်တယ်။ ဒါပဲ ပြောမယ် ။သူကျုပ်ကို ချစ်တာ မချစ်တာ ကျုပ်နဲ့ မဆိုင်ဘူး။

မလွမ်းနိုင်သေးတဲ့ အချိန်  

Posted by: ninesixnine

(၁)
ဒီလောက် လေတဝုန်းဝုန်းတိုက်နေတာ
အမှန်မရှိတဲ့ ကျုပ်က ဘာမှဝတ်မထားမိဘူး။
ဒီလောက် မိုးတဖြောက်ဖြောက်ကျနေတာ
ဆောင်းစရာ ထီလေးတစ်ချောင်းပါမလာခဲ့ဘူး။
အင်တာနက်မှ ဂယက်များကို
တစ်နိုင် တစ်ပိုင်ခံစား။
လေထဲက အကြောင်းအရာတွေမှန်း သိပါရက်
ကိုယ့်ရဲ့ ပြတင်းတံခါးကို ခဏခဏ ထကြည့်မိတယ်။
(၂)
လူမှန်ရင် အပူ မကင်းမှန်း သိပါတယ်။
လူတွေနေတဲ့နေရာမှာ ပြဿနာတွေ ရှိမှာမှန်းတွေးမိပါရဲ့။
ဓမ္မဓိဌာန်ပြခမ်းမှာ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ်ကြော်ငြာနေကြတာပါလိမ့်။
နေရာလေး တစ်ကိုယ်စာအတွက် ဘယ်သူငိုကြွေးနေတာလဲ။
ကဲ ပြောစမ်းပါအုံး တစ်ခုခုအတွက် တစ်ခုခုတော့ လုပ်နေမှာသေချာတယ်။
ကိုလေးဖြူ ရဲ့ သီချင်းလေးကိုပဲ ငြီးငြီးနေမိတယ်။
မသေချာဘူး မရေရာဘူး အမြဲမရှိဘူး........ဆိုတာပေါ့။
(၃)
ရပ်သီတင်း ရွာသီတင်းအတွက်လား နားထောင်ရင် ကြာမှာပေါ့။
သိပ်ပြီးခံစားချင်နေတာလား ။
ကိုယ့်မှာ ရှိတဲ့ မျက်ရည်လောက်နဲ့ မလုံလောက်ဘူး။
သူ့အတွက်ဆိုရင် အချိန်တွေရှိတယ်
အနှစ်သုံးဆယ်လုံးလုံး ငတ်လာတဲ့ သစ္စာတရား
ကိုယ့်အသက် ၃၁ နှစ်ပြည့်မှ လက်ခံခဲ့ရတဲ့ မေတ္တာတရား
ပုံစံတွေ ဇယားကွက်တွေ ချပြီး မချစ်တက်တာ ကျုပ်မှားသလား..လို့
တွေးနေမိတယ်။
အမှောင်ချ ထားတဲ့ ကျုပ်အခမ်းလေးထဲမှာ သူမဆိုတဲ့ မီးလုံးလေးက
ကျုပ်ဘဝအတွက် အမြဲလင်းလက်နေလိမ့်မယ်။
(၄)
ခပ်ပြင်းပြင်းလေး ခံစားကြည့်မိတယ်။
ဒါလောက်လဲ လွမ်းလို့မဖြစ်သေးဘူး။
ခပ်နုနုလေး ခပ်ပါးပါးလေး ဖျက်လျှောက်မိတယ်
သူမ လန့်နိုးသွားမှာ စိုးရိမ်နေမိတယ်။
အိပ်မက်ထဲမှာ မချစ်ချင်တော့ဘူး
ဘယ်အရာကိုပဲ ဖြစ်ဖြစ် ဘာအတွက်ပဲ ဖြစ်ဖြစ်
အကြောင်းပြချက်မလိုဘူး။
မလွမ်းနိုင်သေးတဲ့ အချိန်မှာ
ကျုပ်ရဲ့ မီးအိမ်လေးအမြဲလင်းလက်နေမယ်ဆိုတာ သိတယ်။
အဲဒီနေ့လေးကိုပဲ အမြန်ရောက်အောင်သွားမယ်။
အားအပြင်းဆုံးလက်တွေနဲ့ လွတ်ထွက်မသွားကြေး။
                                                                     နိုင်းစစ်နိုင်း (စစ်ကိုင်း)

မင်္ဂလာပါ  

Posted by: ninesixnine


ဟုတ်ကဲ့ ဘာလိုလို နဲ့ ၂၀၀၉ ဆိုတဲ့ ခုနှစ်က လက်ပြနှုတ်ဆက်ဖို့ အဆင်သင့်ဖြစ်နေချိန် ၂၀၁၀ ဆိုတာ ဝင်ရောက်လာဖို့ အဆင်သင့် ဖြစ်နေပြီ။သိပ်ပြီး မထူးတဲ့ အခြေအနေတစ်ခုမှာ ကျုပ်တို့က ဘာအတွက်ရင်ခုန်နေကြမှာလဲ။ နှုတ်ဆက်သူက နှုတ်ဆက် လက်ပြသူက ပြ မိတ်ဆက်သူက မိတ်ဆက် သွားနေတဲ့ လက်ရှိကာလ သွားနေအုံမယ့် အခြေအနေ တစ်ခု ။သွားဖူးတဲ့ နေရာတွေကို ပြန်သွားကြည့်တယ် စိတ်က ဒီအတိုင်းပဲ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားမိတယ်။ဟုတ်မှ ဟုတ်ရဲ့လား ပေါ့ ။ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ သွားနေကြ နေရာများ တွေးနေကြ အတွေးများ မြင်နေကြ အာရုံများ အကြိမ်ကြိမ်မှားယွင်းမှုများ အင်း ခုတော့ အသက်တွေ အသက်တွေ တစ်နှစ်ပြီး တစ်နှစ် ကြီးလာတယ် လူတွေ မူဝါဒ တွေက ဟောင်းနွမ်းနေသေးတယ် ဆိုရင် အဲဒီ လမ်း ကျုပ်ဘယတော့မှ ပြန်လှည့်မှာ မဟုတ်သလို ကျုပ် ရဲ့ နက်ဖန်တွေကို လည်း ဘယ်တော့မှ ခြေဦးမလှည့်ဘူး။အားလုံး မင်္ဂလာအပေါင်း နှင့် ပြည့်စုံကြပါစေ။

အိပ်မက်စိုက်ခင်းထဲမှာ  

Posted by: ninesixnine in


(၁)
အရပ်လေးမျက်နှာ နဲနေသေးတယ်
သွားချင်တာ အကုန်သွား
လာချင်ရာ အကုန်လာ ဖွင့်ထားတဲ့
ငါ့ရဲ့ တံခါးများ သင်သည်သာလျှင် ကျုပ်အနားမှာ ရှိပါစေ။
ပြောင်းလဲမှု သီဝရီအရ
လူတွေကို ဗဟိုရ်ပြု
အချိန်တွေကို ဗဟိုရ်ပြု
အတ္တကိုယ် ဗဟိုရ်ပြု
ကိုယ်သန်ရာကိုသာ ပြောကြစို့ရဲ့။
(၂)
အသက်ကြီးကြီး လူကြီးတွေက
သူတို့ ဘယ်လိုတော်ကြောင်းကြွားဝါ
လူငယ်တွေက သူတို့ဘယ်လိုမြင်ကြောင်း တင်ပြ
အကွဲကွဲ အပြားပြား နဲ နဲ များများ
တိမ်တွေကို အခါခါ နမ်း
မြေပြင်ပေါ်မှာ အခါခါ လဲကျ
ကိုယ်အတွက်ပဲ ကိုယ်ဟာထောက်တည်ရာဖြစ်ခဲ့။
(၃)
ခန္ဓာ ငါးပါ နဲ့ ဗျာများနေတဲ့ စာသင်နေတဲ့ ဆရာ
ဇဝေ ဇဝါ ဗျာများနေတဲ့ တိတ်ဆိတ်နေတဲ့ ကျောင်းသားများ
ကျောင်းပြီး လို့မှ ဘွဲ့ရလို့မှ ငါဘာဖြစ်မယ်ဆိုတာမသိရင်
ပြီးပြီပေါ့ ဘာပြောလို့ရမှာတဲ့လဲ။
ဆရာ့လိုပဲ အသက်တွေကြီးလာရင်
ကျုပ်တို့တွေ လဲ ခန္ဓာငါးပါနဲ့ ဗျာများကြမယ်။
ငြိမ်းချမ်းရေး လမ်းစဉ်မှာ လူတွေ ကို
သက်သာရာလေး နဲ နဲလောက် ရစေကြမယ်။
အပူတွေ ကင်းမဲ့နေတဲ့ ဇုန်မှာ
ကိုယ့်ရဲ့ အပူ သူများကို ဘယ်တော့မှ မကူးစေရဘူး။
အိပ်မက်စိုက်ခင်းထဲမှာ ရယ်ပါ။
စိတ်ကူးတွေ ရွာချမယ့် မိုးတိမ်တွေကို မျှော်နေဆဲကာလ
လောကဓံ လက်သီးတို့ တစ်ဖြိုင်းဖြိုင်း ရွာချတဲ့ ငါ့တိုင်းပြည်က
ငှတ်ကလေးတို့ ရယ် .................
ကိုယ့်ရဲ့ အိပ်မက်စိုက်ခင်းထဲမှာသာ မိုးလင်းနေသည်အထိ မက်ကြမယ်
ဆက်ရင်း ဆက်ရင်း...... မက်ရင်း မက်ရင်း...........တက်ရင်း တက်ရင်း ......နဲ့ပေါ့။နိုင်းစစ်နိုင်း (စစ်ကိုင်း)